ဆောင်းပါးများ

ကယောလူမျိုးစု၏ သမိုင်း၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် နေထိုင်မှုပုံစံများအကြောင်း ပါဝင်သည့် ဆောင်းပါးများကို ရှာဖွေဖတ်ရှုပါ။

ကယောသမိုင်း

ကယောလူမျိုးစု၏နောက်ခံရိုးရာသမိုင်း

Jan 29, 2026

အခန်း (၁)

သဘာဝလောက ဖြစ်ပေါ်လာပုံ

ကယောလူမျိုးတို့၏တေးကဗျာ

Phithûlu, na abōlò, na nā wa lāthỗpi,

Lumu sera, hè kèlèhti na khuli pôhò, ô èkòpho. “ပိုးအိမ်ပမာ အလားသဏ္ဌာန်တူသော မိုးကုတ်စက်ဝိုင်းအတွင်း၌ ဖိသူလူသည် စံပယ်တော်မူ၏။ နံနက်အာရုဏ်ရောင်ခြည်ထွန်းချိန်၌ ဖိသူလူ အမည်ရှိသောဘုရားသည် အပြင်လောကကို ခေါင်းမွေးရှည် မုတ်ဆိတ် ကျင်စွယ်ရှည် သပ်လျက်ရှုမောနေ၏။”

ကမ္ဘာမိုးမြေအစ ဖိသူလူက

ကယား၊ ကယော၊ ကယန်းတိုင်းရင်းသားတို့၏ ရှေးတေးကဗျာများ အရ မူလအစ၌ စကြဝဠာတစ်ခွင်လုံးတွင် မည်သည့်အရာမျှမရှိဘဲ၊ အမှောင် ထုက လွှမ်းခြုံထားပြီး၊ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ ယင်းကာလကို ကယောလူမျိုးတို့က မိုလူမိုသူး (M6ld móth)ဟုခေါ်ကြသည်။

ထိုအမှောင်ကာလ၌ အအေး(ဖို)နှင့်အအေး(မ)၊ မသိ(ဖို)နှင့်မသိ(မ) အစရှိသောဆန့်ကျင်ဘက်အရာတို့သည် သဘာဝအလျောက်ဖြစ်ပေါ်လာ၍ တစ်ခုနှင့် တစ်ခု စတင်ထိတွေ.ကြရာမှ လှုပ်ရှားဖြစ်ပေါ်လာပြီး လေပွေ တိုက်ခတ်သည့်ပမာ တစ်နေရာမှတစ်နေရာသို့ရွေ့လျားသွားစဉ်(သူလူ)ခေါ် ပိုးအိမ်တစ်လုံးဖြစ်လာပြီး ထိုပိုးအိမ်၌ အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူ သော ဖိသူလူပေါက်ဖွားတော်မူသည်။

ကယောလူမျိုးတို့၏ တေးကဗျာ- Taō haō, dō taō toō Tathina do tathînā haō Tāma cûmu kèwa thûlu

Hōmôkhu Môkhū taō, kèwa rili Lò hāko, hajā tao, ghāthu ghājô Lègû klè tōbō khuli môlûmôthu.

ကောင်းကင် ဖန်ဆင်းခြင်း

ဖိသူလူသည် ဟာလာဟင်းလင်းဖြစ်နေသောစကြဝဠာတွင် မိုး၊ မြေ ကမ္ဘာ၊ နေ၊ လ၊ ကြယ်နက္ခတာရာတို့ကို ဖန်ဆင်းရန်ကြံရွယ်သည်။ ဖိသူလူ သည် ကမ္ဘာမိုးမြေ၊ နေ၊ လ တို့ကို မဖန်ဆင်းမီ၊ ယင်းနှင့်အတူနေမည် ဖီးဘီး(Phibi) နှင့် ဖီးကရော် (Phikrd) ဟူသော လိင်မတူသည့် လူယောက်ျား တစ်ဦးနှင့် လူမိန်းမတစ်ဦးကိုဖန်ဆင်းထားသည်။ ထိုအဖေါ်နှစ်ဦးကိုအကြင် လင်မယားအဖြစ်ပေါင်းသင်းနေထိုင်စေရာမှဒါးအီ(Tai)၊နှင့် မယ်အီ(Mèi) အမည်ရှိသော သားနှစ်ဦးမွေးဖွားလာသည်။ ထို့နောက် ဖိသူလူသည် ၄င်းတို့ အားကူညီရန် ပထမဦးစွာ နတ်သမီးတစ်ဖေါ်နှင့် နတ်သားခြောက်ဖေါ်ကို ဖန်ဆင်းထားသည်။ ဒါးအီသည် ကောင်းကင်ကိုတည်ဆောက်ရန် သိလူကော (Thiluk6) မိုးကုတ်စက်ဝိုင်းစံနန်းတော်ကိုဗဟိုပြု၍ အရပ်ရှစ်မျက်နှာတွင် ရှိသော ကြယ်နီ၊ ကြယ်ဝါ၊ ကြယ်ဖြူနှင့် နတ်သမီး ဘောမို(BŌmŌ)အား ပင့်ကူအမျှင်ဆွဲသကဲ့သို့ကောင်းကင်အမျှင်ကိုဆွဲစေ၏။

ထို့နောက် နတ်သား(၆)ဖေါ်တို့အား အောက်ပါတာဝန်အသီးသီးကို

ပေးအပ်သည်။

၁. နတ်သား တရာနားရှိနော်ဖား (Trānā Sinophā)အား ကောင်းကင် မျက်နှာပြင်တစ်ချပ်တည်းဖြစ်အောင် ယက်လုပ်စေသည်။

၂. နတ်သား တရာနားဂေါ်ထားဖား (Trānā Ghohtaphā) အား ကောင်းကင်မျက်နှာပြင် ညီညာအောင်ညှိစေသည်။

၃. နတ်သား တရာနားနော်နီဖား (Trānā Noniphā) အား ကောင်းကင် မျက်နှာပြင် သိပ်သည်းမှုကျစ်လစ်လာစေရန်ထုစေသည်။

၄. နတ်သား တရာနားသူနော်ဖား (Trānā Thundphā) အား ကောင်းကင်မျက်နှာပြင်အကျယ်အဝန်း ညီညာအောင် ညှိယူစေသည်။ ၅. နတ်သား တရာနားတိုးတိုဖား (Trānā Tötophā)အား ကောင်းကင် တွင် လှပတင့်တယ်မှု ရှိမရှိ စစ်ဆေးစေသည်။

၆. နတ်သား တရာနားကလော်ဖား(Trānā Ghlopha)အား ကောင်းကင် အစွန်အဖျားအရပ်တွင် သပ်ရပ်သေသပ်မှုရှိမရှိ စစ်ဆေးစေသည်။ နတ်သားနှင့် နတ်သမီးတို့သည် ကောင်းကင်ကိုတည်ဆောက်ရာ၌ (၁၅) ရက် ကြာသည်ဟု ဆို၏။

 

 

ကမ္ဘာကို ဖန်ဆင်းခြင်း

ကယောလူမျိုးတို့၏ တေးကဗျာ-

Môri lose o khotòhtò, teghetoghô

Môri lòse ố khòtòlò, lòsedimoinhat

Môkhu htŭthǎ gòkhrò gāwā - Hakhū htŭthǎ ō ghlô haō Htūhtiumỗ, htů wa ghāhtū - Èkèphrowa khomũ khōlŏ Sitûdū lòpô èhtu wa ha - Htōlòpû do kèwa lopro Môkhu gokhro hakhū taghlô - È hū jējo, kèwa lotô.

မြောက်ဘက်ရှိ ကောင်းကင်ချက်တိုင်သည် ကောက်ကွေ့ နေ၍ တောင်ဘက်ရှိ ကောင်းကင်ချက်တိုင်သည် ကမ္ဘာ့ချက်တိုင်နှင့် ဆက်စပ်နေ ၏။ တိမ်လွှာပေါ်လျှောက်လှမ်းသကဲ့သို့ဖြစ်၏။ ကောင်းကင်ဖြစ်စ၌ ကျဲနေ၍၊ ကမ္ဘာဖြစ်စ၌ နေထိုင်၍မရနိုင်။

ဖိသူလူသည် ကောင်းကင်ကို ဖန်ဆင်းပြီးနောက် ကောင်းကင်ပေါ် တွင်လှည့်လည်ကြည့်ရှုရာ အစွန်းတစ်နေရာသို့ရောက်ရှိသွားသည်။ ထို နေရာမှ အောက်သို့ငုံ့ကြည့်သည့်အခါ မည်သည့်အရာကိုမျှ မတွေ့ ရသော ကြောင့် ကောင်းကင်၏အောက်တည့်တည့်အရပ်တွင် ကမ္ဘာကိုဖန်ဆင်းရန် ကြံရွယ်သည်။ ကမ္ဘာကိုမဖန်ဆင်းမီ မြေကြီးကိုချိန်တွယ်ရန် (ချိန်ခွင်)နှင့် မြေကြီး သယ်ယူရန် (ပျားပဒူ)ကို ဦးစွာဖန်ဆင်းသည်။ ပျားပဒူ သည် မြေနီ၊ မြေဝါ၊ မြေဖြူ၊ မြေနက် အစရှိသော မြေကိုသယ်ပေးသည်။ ထို့နောက် ဖိသူလူသည် မယ်အီအား ကမ္ဘာကိုတည်ဆောက်စေသည်။ မယ်အီသည် ကမ္ဘာကို တည်ဆောက်ရာ၌ ဖိသူလူ၏စံနန်းတော်အောက်တည်တည်အရပ်တွင် ဒီးမိုးဆိုခေါ်ချက်ကြိုး တောင်တစ်လုံးနှင့် ကောင်းကင်၏အရပ်ရှစ်မျက်နှာတွင် မော့z (Màrui)ခေါ် မိုရီမိုထူ (Móri móhtü) ကောင်းကင်အမြစ်ကို တောင်(၈)လုံး၌ချထားပြီး ထိုတောင်များသို့ နတ်သမီးဘောမိုအား ပင့်ကူ အမျှင်ဆွဲသကဲ့သို့ကမ္ဘာအမျှင် ကိုဆွဲစေသည်။

နတ်သမီး ဘောမိုသည် ဒီးမိုးဆိုတောင်ကိုဗဟိုပြု၍ (၁) လိုဘောခူ တောင်၊(၂)ကလိုခူတောင်၊(၃)ထီးရိုးခူတောင်၊(၄)ရိုးဆိုတောင်၊(၅)ခိုးသိုးမိုး တောင်၊ (၆) ပရယ်လဲဆိုတောင်၊ (၇)ပရုကျူးခူတောင်၊ (၈)တနန်းအူဆို တောင်တို့ကိုကမ္ဘာအမျှင်တို့ဖြင့် ဆွဲပေးထားသည်။

ကယောလူမျိုးတို့၏တေးကဗျာ-

Ghòhta ròko ễng ỗ Dimo kôkhu - Èbabôni Khčhtu

Klokhu

È culò èlû, bòlò Ỗ Mòdo èghā - Èlò gôni Lỗboplỗkhu Èkohti

ge se Welo

“ဒီးမိုးဆိုတောင်မှအမျှင်ထုတ်ကာ ကလိုခူတောင်ထိပ်မှ မြေပြန့် တလျှောက် လိုဘောပလိုတောင်အထိ အမျှင်ဆွဲငင်ပြီး ဝေလိုတွင်အဆုံး သတ်သည်”

ဒီးမိုးဆိုတောင်သည် ကောင်းကင်၏ဗဟိုချက်ကြိုးတောင်ဖြစ်သည်။ ထို့ကြောင့် ဒီးမိုးဆိုဟူသည်မှာ (ဒီး-ချက်၊ မိုး-ကောင်းကင်၊ ဆို-တောင်၊ ကောင်းကင်၏ချက်ကြိုးတောင်)ဟုအဓိပ္ပါယ်ရပါသည်။ ကယား တိုင်းရင်းသားတို့သည်ဒီးမိုးဆိုတောင်ကိုအထွတ်အမြတ်ထားရှိကြသည်။ သေဆုံးသွားသော လူသားတို့၏ဝိညာဉ်သည် ဒီးမိုးဆိုတောင်သို့ စုရုံးရောက်ရှိလာကြသည်ဟု ယုံကြည်ယူဆကြပါသည်။

ကမ္ဘာအမျှင်များကိုဆွဲပြီးနောက် မယ်အီသည် ကောင်းကင်ကို ဖန်ဆင်းစဉ်က တာဝန်ပေးခဲ့သော နတ်သား(၆)ဖေါ်ကိုခေါ်၍ ဆက်လက် တာဝန်ပေးအပ်ထားသည်။

(၁) ရှီနော်ဖားသည် ကမ္ဘာအမျှင်ကို မြောက်ဘက်တွင် ချည်ဖြူဖြင့် လည်းကောင်း၊ တောင်ဘက်တွင် ချည်ဝါဖြင့် လည်းကောင်း၊ အနောက် ဘက်တွင် ချည်နက်ဖြင့် လည်းကောင်း၊ အရှေ့ဖက်တွင် ချည်နီဖြင့် လည်းကောင်း ချုပ်လုပ်ထားသည်။

(၂) ဂေါ်ထားဖားသည် မြေနီလေးဆယ်ကျပ်သားကိုယူ၍ အရှေ့အရပ် တွင်လည်းကောင်း၊ အနောက်အရပ်တွင် မြေနက်နှစ်ဆယ်သားကိုလည်း ကောင်း၊ မြောက်အရပ်တွင် မြေဖြူတစ်ဆယ်သားကိုလည်းကောင်း၊ တောင်အရပ်တွင် မြေဝါ တစ်ဆယ်သားကိုလည်းကောင်း ချထားသည်။ (၃) . နော်နီဖါးသည် ဖိသူလူကိုပူဇော်ပသရန် ဘုံခုနှစ်ဆင့်ရှိ မိုးခီး ကျောရာ ပလ္လင်တော် (Mokhi Corā) ကိုတည်ထားကိုးကွယ်စေသည်။ ထို့နောက် မိုးကောင်းကင်တွင် ရွာခုနစ်ရွာကိုလည်း တည်ထားပါသည်။ ၄င်းတို့မှာ မိုခူ(M6khu)၊ မိုလာ (Móla)၊ မိုဒူး (M6dā)၊ မိုဒူးကောထီ(Módū kohti)၊ မိုပလိုသော်(Moplótho)၊ မိုသူမိုသော် (Mothümotho)၊ မိုဆို (Moso)တို့ဖြစ်သည်။

(၄) သူနော်ဖားသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုဆက်သွယ်ထား သော ကောင်းကင်၏ ချက်ကြိုးတိုင်ကို ဆွဲ၍ ကမ္ဘာအကျဉ်းအကျယ်ကို ညှိယူသည်။

(၅) ... တိုးတိုဖားသည် ကမ္ဘာမြေမျက်နှာပြင်မှာ လှပတင့်တယ်အောင် ပြုလုပ်ထားသည်။

(၆) ကလော်ဖားသည် ကမ္ဘာ့အစွန်အဖျားတွင် သပ်ရပ်မှုရှိမရှိ စစ်ဆေး ပေးသည်။

ဖိသူလူအမိန့်ရှိသည့်အတိုင်း နတ်သား၊ နတ်သမီးတို့သည် မိမိကျရာ တာဝန်များကို ကျေပွန်စွာဆောင်ရွက်ပြီးစီးသောအခါထိုနတ်သား နတ်သမီး များကို စုခေါ်၍ နတ်သမီးဘောမိုအား ပင့်ကူဘဝသို့လည်းကောင်း၊ ရှီနော်ဖား ကိုတီကောင်ဘဝသို့လည်းကောင်း၊ နော်နီဖားအား သပိတ်လွယ်ငှက်ဘဝသို့ လည်းကောင်း၊ ကလော်ဖားကိုပျံလွှားငှက်ငယ်ဘဝသို့လည်းကောင်း အသီးသီး ပြောင်းစေသည်။ နတ်သား နတ်သမီးတို့သည် ကမ္ဘာမြေကြီးအား မြေ (၅)ဆ၊ ရေ (၃ဝ)ဆနှင့် လေ(၅ဝဝ)ဆဖြင့် ဖန်ဆင်းစေသည်ဟုဆို၏။

ကယောလူမျိုးတို့၏တေးကဗျာ

Hakhū ōri tāma cumu - Trānă gûklè tōbỏ khūli Lǎhtů thǎhtilu ghata miti -Trană bèhtů môkhū hākhū Hti thākhā hajā jèkjā - Rili hākha

Rili tha o taghāla - Hākhū o tebe phi khô

Trānă blāhtu môkhūhākhū - È gè lò hājā wa gèlā.

ကမ္ဘာဖြစ်စ၌ လက်သန်းခန့်သာရှိ၍၊ သိကြားမင်းလျှောက်ရာလမ်း

သည် ဆံချည်တစ်မျှင်ခန့်သာရှိသည်။ လဖြစ်စ၌ မီးတစ်ခြစ်စာရှိကာ၊ မိုးမြေဖြစ်စ နတ်သိကြားကဖန်ဆင်း၊ မြေ(၅)ဆ၊ ရေ(၃၀)ဆ၊ လေ(၅၀၀) ဆဟူ၍ဆိုပါသည်။

နေမင်းဖြစ်ပေါ်လာပုံ

မိုးကောင်းကင်နှင့် မြေကြီးဖြစ်ပေါ်တည်ရှိပြီဖြစ်သော်လည်း အလင်း ရောင်ပေးနိုင်သောအရာ မရှိသေးပေ။ စကြဝဠာတစ်ခွင်လုံးကိုအမှောင်ထုက ဖုံးလွှမ်းလျက်ရှိပါသည်။ ထို့ကြောင့် လူသားနှင့်သက်ရှိသတ္တဝါအားလုံးတို့သည် ခြေလေးဘက်ထောက်၍ သွားလာလှုပ်ရှားကြရသည်။ လူသားတို့လုပ်ကိုင် စားသောက်ရန် ပိုးစုန်းကြူး၏အလင်းကိုသာ အားကိုးအားထားပြုရသည်ဟု

ဆို၏။

ထို့ကြောင့် ကမ္ဘာလူသား၏ဖခင်ဖြစ်သော အီးဖားသည် လူသားနှင့် သက်ရှိသတ္တဝါများအတွက် အလင်းကိုပေးသနားပါရန် ဖိသူလူထံတောင်း လျှောက်ရာ၌ ဖိသူလူသည် အီးဖား၏တောင်းလျှောက်သံကိုနားညောင်းတော်မူပြီး အလင်းရောင်ရှိသော ပတ္တမြားကျောက်(၂)လုံးကိုကမ္ဘာပေါ်သို့ပစ်ချပေး ထားသည်။ ထိုပတ္တမြားကျောက်သည် အီးဖား(အေးဖဲ)ထံသို့မရောက်ဘဲ လမ်းချော်သွားကာ တောင်ကွယ်တွင်ကျရောက်သွားပါသည်။

အီးဖားသည် အလင်းရောင်မရသေးသဖြင့် ဒုတိယအကြိမ် ဖိသူလူ တံတောင်းလျှောက်ရာ၌ ဖိသူလူက “ပတ္တမြားကျောက်နှစ်လုံးကိုပစ်ချထား ပြီဖြစ်သည်။ တွေ့အောင်ရှာဖွေလော့” ဟုမိန့်ကြားပါသည်။

အလင်းရရှိရေးအတွက် အီးဖားသည် ပတ္တမြားကျောက်ကိုတောထွက် ရှာဖွေသောအခါ တောင်ကွယ်တွင် လင်းနေသောပတ္တမြားကိုတွေ.ရပါသည်။ ပတ္တမြားကို အိမ်သို့ယူဆောင်လာပြီး ပတ်ဝန်းကျင်သို့မပြောပြရန် အိမ်သား များကို မှာကြားထားသည်။ ဤအကြောင်းကိုပြောမိလျှင် ထိုပတ္တမြားသည် ကောင်းကင်သို့တက်သွားမည်ဖြစ်ကြောင်းကိုလည်း သားများအားမှာကြား

ထားသည်။

အီးဖားတွင်သားသုံးဦးရှိသည်။ ထိုသားသုံးဦးအနက် သားဦးဖြစ်သူအား အလင်းရှိသော ပတ္တမြားကျောက်ကိုအမွေခွဲပေးထားပါသည်။ သားလတ် နှင့်သားထွေးတို့က သိသွား၍ မကျေနပ်ကြသဖြင့် ထိုပတ္တမြားကျောက်ကို မြင်တွေ့ လိုကြောင်း အစ်ကိုကြီးအား ပူဆာလာသည်။ အစ်ကိုကြီးမှာ ဖခင် မှာကြားထားသည့်အတိုင်း အခြားသူကိုမပြလိုသော်လည်း ညီငယ်နှင့် ညီလတ် တို့က “ကြည့်ရုံသာကြည့်မည်၊ လုမယူသွားပါ”ဟု ဝန်ခံကတိပြုကြသည် အတွက် အစ်ကိုကြီးသည်ထုတ်ပြလိုက်ရာ ပတ္တမြားကျောက်မှာ ရုတ်တရက် ကောင်းကင်ပေါ်သို့ ခုန်တက်သွားသည်။ ထိုအချိန်မှစ၍ ပတ္တမြားကျောက် (၂)လုံး၏အလင်းကြောင့် စကြဝဠာတစ်ခွင်လုံးမှာ တောက်ပသောအလင်း ရောင်ကို ရရှိလာသည်ဟုဆို၏။ ကောင်းကင်ပေါ်သို့ ခုန်တက်သွားသော ပတ္တမြားကျောက်ကိုကယောလူမျိုးတို့က(သေလူမူ =နေ) ဟုခေါ်ပါသည်။

 

 

 

လမင်းဖြစ်ပေါ်လာပုံ

ကယောလူမျိုးတို့၏ တေးကဗျာ

Phi Rii atolò lumu do lă - È khalo o juthīmi khu, Èpālo lumu do lǎ - Kāmǎ gèkû èkhophûtha belò wa Cōthǎbā “အဖိုးရီးအီသည်နေနှင့်လကိုတောင်းဆိုရာ၌ကြွက်စုတ်ကလေး အလိုနှင့် မြေဝပ်ငှက် အလိုကိုနေနှင့်လခွဲခြားပေးရ၏။ ”

Lăli ropo, jûkho dônā - Jusû èmỗ, eriija o sökŎ Thelumu ūlòhtā hě tokho - He thō analòbû èlelu lǎbě bletho.

“လပြည့်ရက်တွင် ကြွက်ကြီးများတွင်းအောင်းနေသည်၊ ကြွက်မ ကြီးများက ဂူတွင်းထဲခွေနေရသည်။ နေ၏အလင်းရောင်လျော့သွားသဖြင့် လကိုသာ အားထားရသည်။ ”

မိုးပေါ်တွင် နေနှစ်စင်းသာနေသဖြင့် ပင်လယ်သမုဒ္ဒရာ၊ မြစ်ချောင်း၊ အင်းအိုင်၊ ရေကန်များခမ်းခြောက်လုမတတ်ဖြစ်သကဲ့သို့ သစ်ပင်၊ ဝါးပင်၊ ပန်းပင်တို့သည်လည်း နေ၏အပူရှိန်ကြောင့် ညှိုးနွမ်းခြောက်သွေ့ ပျက်စီးမည့် အခြေအနေသို ့ ဆိုက်ရောက်လာပါသည်။

လူသားနှင့် သက်ရှိသတ္တဝါတို့သည် နေအပူရှိန် လျော့နည်းလာရေး အတွက်နည်းလမ်းရှာမရ ဖြစ်သောကြောင့် ဖိသူလူထံ အကူအညီတောင်းလျှောက်ကြရာ၌ သက်ငယ်ရိုးချိုးပြီး ဗေဒင်မေးကြည့်သည့်အခါ ထိုပတ္တမြား (၂)လုံး အနက်တစ်လုံးကို ဒူးလေးဖြင့် ပစ်ခွင်းရန် အဖြေရပါသည်။ ထို့ကြောင့် နေကိုပစ်ခွင်းရန် ဒူးလေးပစ်ရာ၌ အလွန်ကျွမ်းကျင်သော ဒေါမောကလပ်(Tómdkla) ဆိုသူကိုရွေးချယ်ကာ တာဝန် ထားခဲ့သည်။ နေကိုဒူးလေးဖြင့်ပစ်ခွင်းရန် လိုအပ်သောမြှားများကို ဖီးသိုးကိုး (Phithōk6) ဝါးဆိုသူအားပြုလုပ်စေသည်။ ဖီးသိုးကိုးသည် ဟူသူ(Hūthu) အမည်ရှိသောဝါးဖြင့် လနှင့်ချီ၍ မြှားပြုလုပ်ပေးသောကြောင့် ဝါးတစ်ရုံ လုံးကုန်သွားသည်။ မြှားအဆင်သင့် ဖြစ်သောအခါ ဒေါမောကလပ်သည် နေမင်းကို(၇)လတိတိ ပစ်ခွင်းရာ၌ နောက်ဆုံး(အဖို)တစ်လုံးကိုထိမှန်သွား ပါသည်။ ထိုသို့ ထိမှန်သွားသဖြင့် နေမင်းကြီးသည် ကန်းသွားပြီး အပူလျော့ ကျလာသည်။ ကန်းသွားသောနေမင်းကို ကယောတို့က (လ)ဟုခေါ်ဆိုပြီး၊ ကယားတို့က(လေ့)ဟုခေါ်သည်။ လ(လေ့)သည်တိမ်သလ္လာဖုံးထားသည်ဟု အဓိပ္ပါယ်ရပါသည်။

နေမင်းတစ်စင်းမြှားထိမှန်ပြီး ကန်းသွားသည့်အချိန်မှစ၍ အပူရှိန် လျော့ကျလာသည်။ လူနှင့်သတ္တဝါတို့သည် အလုပ်အကိုင်ကောင်းမွန်စွာ လုပ်ကိုင်နိုင်ကြသည်။ ကန်းသွားသော နေမင်းတစ်စင်းကို ကမ္ဘာပေါ်သို့ ယူလာရန် လူသားနှင့် သတ္တဝါတို့တိုင်ပင်ကြပြီးနောက် လူစွမ်းကောင်းကို ရွေးချယ်ကြပါသည်။ တိရစ္ဆာန်များအနက် လိမ္မာရေးခြားရှိသော ယုန်ကို စေလွှတ်ကြသည်။ ယုန်ကလေးမှာ “လေ့” ရှိရာသို့ရောက်သွားသော်လည်း မသယ်နိုင်သောကြောင့် လ(လေ့)ပေါ်တွင်နေရစ်ခဲ့သည်။ ဒုတိယအကြိမ် ညောင်ပင်ကြီးကိုထပ်မံစေလွှတ်ကြပါသည်။ ညောင်ပင်ကြီးလည်း အလွန် အေးချမ်းသောနေရာဘဲဟုဆိုကာ ထိုနေရာ၌ပင်နေရစ်ခဲ့သည်။ နောက်ဆုံး တွင် အဖိုးအိုကြီးတစ်ဦးကို စေလွှတ်ကြသည်။ ထိုအဖိုးအိုသည်လည်း ယုန်ကလေးနှင့် ညောင်ပင်ကိုတွေ သွားပြီးအဖေါ်ဖြစ်သွား၍ ပြန်မလာဘဲ နေရစ်ခဲ့ပါသည်။ ယုန်ကလေးသည် ပညာရှိသူဖြစ်၍ လှည့်ဖြားပြောဆိုနိုင်သူဖြစ်သောကြောင့် ညောင်ပင်နှင့် အဖိုးအိုတို့သည် ၄င်း၏စကားကိုယုံ၍ ယနေ့ တိုင်လပေါ်တွင် နေထိုင်သည်ဟုယုံကြည်ယူဆကြပါသည်။

ကယောဘာသာစကားဖြင့်ဖွဲ ့ဆိုထားသောကဗျာမှာ’

Tòmòklahỗ kha lumū dỗ là - È kha lô hūthu tổngô “ဓါးခုတ်ကောင်သည် နေနှစ်စင်းကိုလေးဖြင့်ပစ်ရာတွင် ဝါးတစ်ရုံမျှရှိသော မြှားကုန်အောင်ပစ်သည်။”

Èplāgo mě děûthā - È kehō thāmā ỗ khỏthủ - Èjûlò thûjû èlā.

“ပညာရှိသော ယုန်ကလေးသည် ရေထဲမှမိကျောင်းကို လပေါ်တွင် ညောင်ရွက်ရှိသည်ကုန်းပေါ်တက်ကြည့်ပါဟုလှည့်ဖြားနိုင်သည်။”

နေ့နှင့်ည ဖြစ်ပေါ်လာပုံ

နေမင်းနှင့် လမင်းသည် မိုးကောင်းကင်တွင် ပြိုင်တူရှိနေ၍ ကမ္ဘာ ကို အလင်းရောင်ပေးပါသည်။ ထိုအချိန်က နေ့နှင့်ညဟူ၍ အချိန်ကာလ အပိုင်းအခြား မရှိသေးချေ။ လူသားနှင့် သတ္တဝါတို့မှာ နေ့နှင့်ညမရှိသည့် အတွက် အလုပ်လုပ်သောအချိန်နှင့် အစာရှာဖွေသောအချိန်သာရှိပြီး ပင်ပန်းနွမ်းနယ်၍ အိပ်စက်လိုသော်လည်း နေမင်း၏အလင်းရောင်ကြောင့် အိပ်စက် အနားယူခြင်း မပြုနိုင်ကြချေ။

ထို့ကြောင့် လူသားနှင့်သတ္တဝါတို့သည် ၄င်းပြဿနာကို အဖြေရှာရန် အတွက် စုဝေးတိုင်ပင်ကြရာ၌ ၄င်းတို့၏ခေါင်းဆောင်နှင့် ဘုရင်အဖြစ် ကျိုး ဘာသာ ခေါ် မြေဝပ်ငှက်ကိုတင်မြောက်ကြပါသည်။ မြေဝပ်ငှက်သည် တရား စီရင်ရာတွင် အလွန်ထူးချွန်ထက်မြက်၍ မှုခင်းပေါင်းမြောက်မြားစွာကို ဦးဆောင် ဖြေရှင်းပေးရသဖြင့် အိပ်ရေးပျက်လာသည်။ အိပ်ချိန်နည်းနေသဖြင့် မကြာ ခဏ အအိပ်လွန်၍ အခြားပြဿနာများကိုအချိန်မှီမဖြေရှင်းနိုင်ဘဲ ဖြစ်တော့ သည်။ ထိုအခါ လူသားနှင့်သတ္တဝါတို့က ၄င်းတို့၏ဘုရင်ကို စိတ်ဆိုးလာကြ သဖြင့် မြေဝပ်ငှက်က ငါသည် ဤအတိုင်းဆက်နေသွားလျှင် တာဝန်မကျေ ဖြစ်ရုံမက မိမိအတွက်ပါ ဒုက္ခနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု ဆို၍ အစည်းအဝေး တစ်ရပ်ကို စီစဉ်ပေးပါသည်။

လူနှင့်သတ္တဝါများ အစည်းအဝေးခေါ်၍ ဖြေရှင်းကြရမည့်ပြဿနာ မှာ နေမင်းနှင့် လမင်း၏အလင်းရောင်ကိုတစ်ပြိုင်တည်း ကမ္ဘာပေါ်သို့မပေး စေဘဲတစ်လှည့်စီပေးသွားရန်ဖြစ်သည်။ နေမင်းသည် အရှေ့အရပ်မှ တဖြည်း ဖြည်းထွက်လာပြီး အာရုဏ်ဦးအချိန်၊ နေထွက်ချိန်၊ နေမြင့်ချိန်၊ မွန်းတည့်ချိန်၊ မွန်းလွဲချိန်၊ နေဝင်ချိန်၊ မိုးချုပ်ချိန်၊ သန်းခေါင်ယံချိန်၊ ကြက်ဖတွန်ချိန်၊ အာရုဏ်ချိန်တို့ကို တစ်ရက်ဟူ၍ နေ့နှင့်ညအချိန်ကာလကို တိတိကျကျ သတ်မှတ်ပေးဖို့နေမင်းအားတောင်းဆိုရန် အားလုံးက သဘောတူကြသည်။

ကြွက်သတ္တဝါက အစည်းအဝေးတွင် နေ့နှင့်ညဖြစ်ပေါ်လာပြီးနောက် (လ)ကိုလည်း လဆန်း၊ လပြည့်၊ လဆုတ်၊ လကွယ်ဟူ၍ သတ်မှတ်ပေးရန် တောင်းဆိုပါသည်။ ပထမတွင် လကွေးလေးမှ လဆန်းရှစ်ရက်ဟူ၍ လည်း ကောင်း၊ လပြည့်ပြီးမှ လဆုတ်နှစ်ရက်အထိ ဆယ့်လေးရက်ဟူ၍ တစ်လနှင့် တစ်လခြားနားပေးရန် တောင်းဆိုပါသည်။ သို့မှသာ လူသတ္တဝါ အချင်းချင်း တစ်မျိုးနှင့်တစ်မျိုး အစားအစာရှာဖွေရာတွင် ဗိုလ်ကျအနိုင်အထက်ပြုကျင့် ခြင်းမှလွတ်ကင်းမည်၊ တချိန်လုံး ကောင်းကင်မှာ လပြည့်နေမည်ဆိုလျှင်တိရိစ္ဆာန်တို့ အစားအစာရှာဖွေရာတွင် အခက်အခဲရှိမည်ဖြစ်သည်။ လပြည့် နှင့်လကွယ်ဟူ၍ ပိုင်းခြားပြီး တစ်လနှင့်တစ်လ မတူညီစေရန် တောင်းဆို ကြပါသည်။ ထို့အပြင် တစ်ဆယ့်နှစ်လကာလကို တစ်နှစ်ဟူ၍သတ်မှတ် ပေးရန် သတ္တဝါတို့က သဘောတူကြပါသည်။ ထိုသို့သဘောတူကြသော်လည်း မြေဝပ်ငှက်က အအိပ်ကြီးသောသတ္တဝါဖြစ်၍ည(၁)နှစ်၊နေ့(၁)လ သတ်မှတ် ပေးရန်တင်ပြ၏။ ယင်းကဲ့သို့အဆိုတင်သွင်းလာသည်ကို လင်းနို့က မကျေနပ် သဖြင့် မြေဝပ်ငှက်၏ ပါးစပ်ကိုဓါးဖြင့်လှီးခဲ့ရာ ထိုအချိန်မှစ၍ မြေဝပ်ငှက်မှာ ပါးစပ်ကျယ်သွားသည်ဟုဆို၏။

 

ပို၍ ဖတ်ရှုရန်